Windows Myanmar Keyboard ကို အခြေကနေ စနစ်တကျ လေ့ကျင့်နိုင်မယ့် Free Open-Source Typing Tutor (MyanTyper)

မြန်မာစာရိုက် လေ့ကျင့်ဖို့၊ လက်ကွက်ကျင့်ဖို့ဆိုပြီး Google မှာ Online Myanmar Typing Practice၊ Myan Type၊ MM Type၊ Burmese Typing Tutor၊ Learn Myanmar Typing ဘာညာ ရှာဖူးကြမှာပေါ့။ အထူးသဖြင့် ရုံးသမားတွေဆိုရင် နေ့စဉ် စာစီစာရိုက်တွေ မဖြစ်မနေ လုပ်ရတာဆိုတော့ သေချာပေါက် လက်ကွက်ကျင့်ဖူးကြမှာပါ။
တကယ်တော့ မြန်မာလက်ကွက် လေ့ကျင့်ဖို့ Software လေးတစ်ခု ရေးချင်နေခဲ့တာ ကြာပါပြီ။ ငယ်ငယ်တုန်းက Windows 7 မှာ ရိုက်ကျင့်ခဲ့ဖူးတဲ့ Desktop Software လေးတွေ ရှိခဲ့ဖူးပေမယ့် အခုဆို ကျွန်တော် နာမည်တွေတောင် မေ့ကုန်ပါပြီ။
အင်္ဂလိပ်စာ Typing လေ့ကျင့်ဖို့ဆိုရင် Monkeytype တို့၊ Keybr တို့လို Tool ကောင်းတွေ အများကြီး ရှိတယ်မဟုတ်လား။ ဒါပေမဲ့ ဒီနေ့ခေတ် Windows မှာ default ပါလာတဲ့ Myanmar (Visual order) Keyboard ကျတော့ အခြေခံကနေ စနစ်တကျ သင်ပေးတဲ့ Modern Typing Tutor ဆိုတာ မရှိသလောက်ပါပဲ။ အွန်လိုင်းမှာ တွေ့ရတဲ့ အများစုကလည်း စာကြောင်းတစ်ကြောင်း ချပြပြီး "ဒါကို လိုက်ရိုက်ပါ" ဆိုတာမျိုးလောက်ပဲ ရှိတော့ ဘယ်ခလုတ်က ဘယ်နားမှာလဲ၊ ဘယ်လက်ချောင်းနဲ့ နှိပ်ရမလဲဆိုတာ ကိုယ့်ဘာသာ ခန့်မှန်းပြီး ရိုက်နေရတာများပါတယ်။
အဲဒါနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ စဉ်းစားတဲ့အခါ Desktop App အနေနဲ့ လုပ်မယ်ဆိုရင် Publisher Key / Code Signing Certificate တွေ မဖြစ်မနေ ဝယ်ယူရမှာဖြစ်ပြီး မဟုတ်ရင် Bug Gym ရေးတုန်းကလို Windows Defender Unknown Publisher Warning Screen တွေ ကျော်နေရဦးမှာ။ အဲတော့ User တွေအတွက်လည်း ပိုလွယ်အောင်၊ စက်ထဲ ဘာမှ သွင်းစရာမလိုဘဲ Browser ဖွင့်တာနဲ့ တန်းလေ့ကျင့်နိုင်အောင် Web App ပဲ ရေးလိုက်တော့တာပါ။
"MyanTyper" ဆိုတဲ့ နာမည်
ဒီလိုနဲ့ လက်ချောင်းနေရာ (Home Row / Finger Zones) ကနေစပြီး ဗျည်း၊ သရ၊ ဗျည်းတွဲ၊ ပါဌ်ဆင့်တွေအထိ အဆင့်ဆင့် လေ့ကျင့်လို့ရမယ့် Modern Myanmar Typing Tutor Web App လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။
နာမည်ကိုတော့ Myan နဲ့ Typer ပေါင်းပြီး MyanTyper လို့ ပေးလိုက်တယ်။ Myan က Myanmar ကို ကိုယ်စားပြုသလို မြန်မာစကားမှာ "မြန်မြန်" ဆိုတဲ့ အဓိပ္ပာယ်လည်း ရတာပေါ့။ မြန်မာစာ ရိုက်တဲ့အခါ လက်ကွက်လိုက်ရှာမနေရဘဲ မြန်မြန်၊ မှန်မှန်နဲ့ ယုံကြည်မှုရှိရှိ ရိုက်နိုင်တဲ့ Touch Typist တစ်ယောက် ဖြစ်လာစေချင်တဲ့ သဘောပါပဲ။ စမ်းရေးရင်း FOSS တင်ခဲ့တာ အခုဆိုရင် ၂ လလောက် ရှိသွားပါပြီ။
- Website: myantyper.com
မြန်မာစာ Typing က ဘာလို့ ခက်တာလဲ?
အင်္ဂလိပ်စာမှာက စာလုံးတစ်လုံးရိုက်ဖို့ ခလုတ်တစ်ချက် (One key, one character) ပဲလေ။ မြန်မာစာကျတော့ အဲလိုမှ မဟုတ်တာ။ စာလုံးတစ်လုံးတည်းမှာတင် ဗျည်း၊ ဗျည်းတွဲ၊ သရ၊ အသံထွက် (Tone mark) နဲ့ အသတ် စတာတွေ အများကြီး ပေါင်းထားတာကိုး။ ဒါ့အပြင် Unicode ရဲ့ သိမ်းဆည်းပုံစံ (Storage Order) နဲ့ Keyboard ပေါ်မှာ ရိုက်ရတဲ့ အစီအစဉ် (Keystroke Sequence) က မတူတာတွေ ရှိပါတယ်။
ဥပမာ ဖေ လို့ ရိုက်မယ်ဆိုရင် Unicode သတ်ပုံအရ ဖ (ဗျည်း) ပြီးမှ ေ (သရ) လာတာမှန်ပေမယ့်၊ Windows Myanmar (Visual order) Keyboard ရဲ့ သဘောအရကျတော့ မျက်စိနဲ့ မြင်ရတဲ့အတိုင်း သဝေထိုး (ေ) ခလုတ်ကို အရင်နှိပ်ပြီးမှ ဖ ကို နှိပ်ရတာပါ။
MyanTyper မှာတော့ ဒီလို Unicode သတ်ပုံစဉ်နဲ့ Keyboard ပေါ်က ရိုက်ရတဲ့ အစဉ် မတူတဲ့ သဘောတရားတွေကို အလွတ် ခန့်မှန်းရိုက်ခိုင်းမနေပါဘူး။ စာဖတ်ရလွယ်အောင် Standard Myanmar Unicode အတိုင်း ပုံမှန် ပြထားပေးပြီး၊ လက်နဲ့ တကယ်နှိပ်ရမယ့် Physical Key Sequence ကိုကျတော့ Engine ကနေ အလိုအလျောက် သီးခြား တွက်ထုတ်ပြီး ပြပေးထားတာပါ။
UI နဲ့ Curriculum ရဖို့ အကြိတ်အနယ် ပြင်ခဲ့ရပုံ
Web လို့ ဆုံးဖြတ်ပြီးတာတောင် လိုချင်တဲ့ UI ရဖို့နဲ့ Curriculum အဆင့်ဆင့် ပြင်ရတာ တော်တော်လေး အချိန်ယူလိုက်ရသေးတယ်။ Claude Design, Google AI Studio နဲ့ Codex တွေကို လိုချင်တဲ့ ပုံစံတွေ သေချာ ပြောပြပြီး UI ထုတ်ခိုင်းတော့ အကုန်လုံးက ဟိုနားကောင်း ဒီနားပဲ့တွေ ဖြစ်နေတာ။ ကောင်းတာလေးတွေ ယူ၊ ကိုယ်တိုင် ဟိုပြင်ဒီပြင်နဲ့ ပြန်ရေး ထပ်ပြင်ရင်းမှ အခုလက်ရှိ UI လေး ထွက်လာတာပါ။
Curriculum: Track (၆) ခု၊ Lesson (၁၄၂) ခု

MyanTyper ရဲ့ သင်ရိုး (Curriculum) ကို လက်ကွက် အခြေခံကနေ ကျွမ်းကျွမ်းကျင်ကျင် ရိုက်နိုင်တဲ့အထိ Track (၆) ခု၊ Lesson ပေါင်း (၁၄၂) ခုနဲ့ အဆင့်ဆင့် ခွဲထားပါတယ် -
- Keyboard Foundations: လက်ချောင်းနေရာတွေ (Finger zones)၊ Shift မပါတဲ့ အခြေခံဗျည်းတွေနဲ့ လက်လှမ်းရိုက်ရတဲ့ Reach drill တွေ
- Core Myanmar: အသုံးများတဲ့ ဗျည်းတွေကို ရိုးရိုးသရ၊ အသတ်၊ အမှတ်အသားတွေနဲ့ တွဲပြီး ဝဏ္ဏတိုလေးတွေ လေ့ကျင့်တာ
- Vowel Building: သဝေထိုး (ေ) ကို အရင်ရိုက်ရတဲ့ Visual order စည်းမျဉ်းတွေ၊ Shift သရတွဲတွေ၊ အသံထွက်နဲ့ ပုဒ်ဖြတ်ပုဒ်ရပ်တွေ
- Medials and Joined Forms: ယပင့် (ျ)၊ ရရစ် (ြ)၊ ဝဆွဲ (ွ)၊ ဟထိုး (ှ) ဗျည်းတွဲပုံစံတွေကို တစ်ဆင့်ချင်း ပိုင်နိုင်အောင် ကျင့်တာ
- Codas and Stacking: အသတ်တွေ၊ ပါဌ်ဆင့်တွေ၊ ကင်းစီး (င်္)၊ မြန်မာဂဏန်းတွေနဲ့ Keyboard တစ်ခုလုံး စုံစုံလင်လင် စစ်ဆေးလေ့ကျင့်တာ
- Sentences and Fluency: Spacing၊ စာရိုက် Rhythm၊ စာကြောင်းလိုက် Accuracy နဲ့ မရပ်မနား ဆက်တိုက် ရိုက်နိုင်စွမ်းကို မြှင့်တင်တာ
Lesson တစ်ခုပြီးတိုင်း WPM (Words Per Minute)၊ Accuracy (%) နဲ့ တိုးတက်မှု မှတ်တမ်းတွေကို ချက်ချင်း တွက်ပြပေးတာမို့ ကိုယ်ဘယ်အဆင့် ရောက်နေပြီလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။
Practice Mode (၂) မျိုး: Keys နဲ့ Reader

Keys Mode မှာတော့ ရိုက်ရမယ့် ခလုတ်တွေကို တစ်ချက်ချင်း ပြပေးပြီး On-screen Keyboard ပေါ်မှာ ဘယ်ခလုတ်ကို နှိပ်ရမယ်၊ Shift ဖိထားဖို့ လို/မလို၊ ဘယ်လက်ချောင်း သုံးရမလဲဆိုတာပါ Real-time Highlight လုပ်ပြပေးတာပါ။ လက်ကွက် စကျက်တဲ့အဆင့်အတွက် အတော်လေး အဆင်ပြေပါတယ်။

Reader Mode ကျတော့ ခလုတ်ပြတဲ့ အကူအညီတွေကို ဖြုတ်လိုက်ပြီး သာမန်စာဖတ်သလိုပဲ စာသားအတိုင်း သဘာဝကျကျ ပြပေးပါတယ်။ Keyboard ကို ငုံ့မကြည့်တော့ဘဲ စာကိုပဲ ကြည့်ပြီး တန်းရိုက်နိုင်တဲ့ Touch Typing အဆင့်ကို ရောက်အောင် လေ့ကျင့်ဖို့အတွက်ပါပဲ။
Free Type: ကိုယ်ရိုက်ချင်တဲ့ စာနဲ့ Typing Test စစ်ဆေးရန်

သတ်မှတ်ထားတဲ့ Lesson တွေတင်မကဘဲ ကိုယ်ကျင့်ချင်တဲ့ မြန်မာ Unicode စာသားကို Paste လုပ်ပြီးတော့လည်း ချက်ချင်း Practice Session အဖြစ် ပြောင်းကျင့်လို့ ရပါတယ်။ သတင်းဆောင်းပါး၊ ကဗျာ ဒါမှမဟုတ် ကိုယ့်အလုပ်ထဲမှာ ခဏခဏ ရိုက်ရတဲ့ စာသားတွေကို ထည့်ရိုက်ရင်း WPM နဲ့ Accuracy ကို Typing Test အနေနဲ့ စစ်ကြည့်လို့ ရတာပေါ့။ ကူးထည့်လိုက်တဲ့ စာသားက Zawgyi ဖြစ်နေရင်တောင် သတိပေးစနစ်လေး ပါပါသေးတယ်။
Privacy: Ads မရှိ၊ Tracking မရှိ၊ Account မလို
- Local-First Progress: လေ့ကျင့်ထားတဲ့ History တွေနဲ့ စာရင်းအင်းတွေကို ကိုယ့် Browser ထဲမှာပဲ (IndexedDB)နဲ့ အရင် သိမ်းပေးထားပါတယ်။ Account မဖွင့်ဘဲနဲ့လည်း Feature အားလုံးကို အပြည့်အစုံ သုံးလို့ ရပါတယ်။
- Optional Cloud Sync: Device တစ်ခုထက်ပိုပြီး History တွေ သိမ်းချင်တယ်ဆိုရင်တော့ Google Account နဲ့ Sign-in ဝင်ထားလို့ ရပါတယ်။ Internet ပြတ်နေတဲ့ Offline ဖြစ်နေရင်တောင် ပုံမှန်အတိုင်း လေ့ကျင့်လို့ရပြီး အင်တာနက်ပြန်ရတဲ့အခါ နောက်ကွယ်ကနေ အလိုအလျောက် Sync ပြန်လုပ်ပေးပါတယ်။
- Clean & Distraction-Free: ကြော်ငြာတွေ၊ Tracking တွေ လုံးဝထည့်မထားတာမို့ စာရိုက်တဲ့အခါ စိတ်အေးချမ်းသာစွာ လေ့ကျင့်နိုင်ပါတယ်။
Theme နဲ့ Font တွေ

စာရိုက်ရတာ မငြီးငွေ့အောင် Visual Theme (၄) မျိုးအပြင် Accent Color တွေကို စိတ်ကြိုက် ပြောင်းလို့ ရပါတယ်။ ကိုယ့်စက်ထဲမှာ မြန်မာဖောင့် မရှိသေးရင်တောင် စာလုံးတွေ မကွဲဘဲ သေသပ်စွာ မြင်ရအောင် Pyidaungsu၊ Noto Sans Myanmar၊ Padauk နဲ့ Masterpiece Uni Type စတဲ့ စံမြန်မာဖောင့်တွေကို တစ်ပါတည်း Bundle လုပ်ထည့်ပေးထားပါတယ်။

Learner Guide

Windows ထဲမှာ Myanmar Keyboard ဘယ်လို ထည့်ရမလဲဆိုတာကနေ Practice Mode တွေကို ဘယ်လို သုံးရမလဲဆိုတာအထိ မြန်မာ/အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြည့်ပြည့်စုံစုံ လမ်းညွှန်ချက် (Guide) ရေးပေးထားပါတယ်။
Portfolio Project ကနေ User (၁၀၀) ကျော်နဲ့ 1.1M Edge Requests အထိ
တကယ်တော့ MyanTyper ကို GitHub ပေါ် Open-source အနေနဲ့ စတင်ခဲ့တုန်းက စာရိုက်လေ့ကျင့်လို့ရရင် တော်ပြီပေါ့ဆိုပြီး Account Feature တောင် မထည့်ဘဲ Portfolio Project အနေနဲ့ Vercel မှာ ဒီတိုင်း တင်ထားရုံပါပဲ။ နောက်မှ တကယ် သုံးမယ့်သူများ ရှိခဲ့ရင် History Sync လုပ်ခွင့်ပေးရင် ပိုကောင်းမှာပဲဆိုပြီး Auth ထည့်ဖြစ်သွားတာပါ။ ထုံးစံအတိုင်း Backend အတွက် ဆာဗာဖိုး အိတ်မစိုက်နိုင်တော့ Serverless Database ဖြစ်တဲ့ Neon Postgres နဲ့ Better Auth ကိုပဲ ရွေးဖြစ်သွားရော။
Auth ထည့်ပြီး နောက်တစ်ရက်ကျတော့ Neon Console မှာ ကြည့်လိုက်တော့ ဘယ်သူ့ကိုမှ မပြောရသေးသလို GitHub မှာ Open Source လုပ်ထားတာကလွဲရင် ဘယ်မှာမှလည်း မတင်ရသေးဘဲ User (၂) ယောက် ရှိနေပြီ (အမယ်... ငါကွ ပေါ့ 😂)။
အဲဒါနဲ့ ကြားထဲ အလုပ်တွေ မအားတာရယ်နဲ့ ပရောဂျက်ဘက် သိပ်မလှည့်ကြည့်ဖြစ်သလို ဘယ်မှာမှလည်း မတင်ဖြစ်။ နောက်တော့ Vercel ကနေ "ဒီလအတွက် Edge Request 1 Million ပြည့်ဖို့ နီးနေပြီ" ဆိုပြီး စာဝင်လာပါလေရော! အဲမှာ ပြန်ကြည့်တော့ Neon မှာတောင် CU Hour ပြည့်ဖို့ အဝေးကြီး လိုသေးပေမယ့် Vercel Edge Requests ကတော့ 1.1 Million ကျော်သွားပြီ။ User လည်း (၁၀၀) ကျော်လာတော့ "မဖြစ်ချေဘူး" ဆိုပြီး ဝင်စစ်ရင်း Next.js Link prefetching ပြဿနာတွေကို ဝင် Fix ခဲ့ရတာပါ (ဒီ 1.1M Edge Requests အကြောင်းကို သပ်သပ်ထပ်ရေးပါဦးမယ်)။
Open Source & Tech Stack
MyanTyper ရဲ့ Source Code ကို AGPL-3.0 License နဲ့၊ Lesson Content တွေကို CC BY-SA 4.0 နဲ့ Open-source အဖြစ် ထုတ်ပေးထားပါတယ်။
- Typing Engine: React UI နဲ့ သီးခြား ခွဲထုတ်ထားတဲ့ Deterministic State Machine ဖြစ်ပြီး Vitest နဲ့ စေ့စေ့စပ်စပ် Test လုပ်ထားပါတယ်။
- Tech Stack: Next.js 16, React 19, TypeScript, Tailwind CSS, Better Auth, Drizzle ORM, Neon Postgres နဲ့ IndexedDB တို့ကို သုံးထားပါတယ်။
- Contribute: Curriculum ကိုလည်း Content Module သေးသေးလေးတွေနဲ့ ခွဲရေးထားတာမို့ Lesson အသစ်ထည့်ချင်တာ၊ အမှားပြင်ချင်တာတွေရှိရင် GitHub ကနေ အလွယ်တကူ ဝင် Contribute လုပ်လို့ ရပါတယ်။
ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်များ (Future Goals & Features)
အချိန်ရရင်တော့ နောက်ထပ် Feature အသစ်လေးတွေ ထပ်ထည့်ဦးမယ်ပေါ့လေ။ ဒါပေမဲ့ ထုံးစံအတိုင်း Server နဲ့ DB Workload သိပ်မတက်မယ့် ဟာတွေပဲ အရင် ဖြည်းဖြည်းချင်း ထည့်ဖြစ်လောက်ပါတယ်။ ဒီ ၂ လလောက်အတွင်း သုံးတဲ့သူတွေဆီက ရတဲ့ Feedback တွေအရတော့ ဒီ Feature လေးတွေကို စဉ်းစားထားပါတယ် -
- Weak-Key Drill (ခဏခဏ မှားတတ်တဲ့ ခလုတ်တွေကို သီးသန့်ကျင့်တာ): ကိုယ်ရိုက်ရင်း ခဏခဏ မှားတတ်တဲ့ ခလုတ်တွေ (ဥပမာ Shift တွဲရိုက်ရတဲ့ သရတွေ၊ ပါဌ်ဆင့်တွေ၊ ဗျည်းတွဲတွေ) ကို Engine က အလိုအလျောက် မှတ်သားပြီး အားနည်းချက်ကို ပြန်လေ့ကျင့်ပေးမယ့် Smart Drill စနစ်။
- Keyboard Heatmap & Finger Analytics: ဘယ်လက်ချောင်း သို့မဟုတ် ဘယ်ခလုတ်တွေမှာ Accuracy ကျနေလဲ၊ ဘယ်နားမှာ စာရိုက်နှုန်း နှေးနေလဲဆိုတာကို Visual Heatmap နဲ့ အသေးစိတ် ပြပေးမယ့် Dashboard။
- Custom Lessons & Wordlists: ရုံးသုံးစာတွေ၊ သတင်းတွေ၊ ကိုယ်ပိုင် စာရင်းတွေကို Lesson အဖြစ် ထည့်သွင်းပြီး လေ့ကျင့်နိုင်မယ့် စနစ်။
- Full Offline PWA Support: Desktop App လိုမျိုး ကွန်ပျူတာမှာ Install လုပ်ထားပြီး အင်တာနက် မလိုဘဲ ချောချောမောမော သုံးနိုင်မယ့် Progressive Web App စနစ်။
- Typing Challenges & Rooms: သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ မြန်မာစာ စာရိုက်နှုန်း (WPM) ကို ပျော်ပျော်ပါးပါး အပြိုင်ရိုက်စိန်ခေါ်နိုင်မယ့် Real-time Room စနစ်။
နောက်ဆုံးအနေနဲ့
MyanTyper ကို စတင် launch လုပ်ခဲ့တဲ့ ဒီ ၂ လလောက်အတွင်း အသုံးပြုပေးကြတဲ့သူတွေ၊ Feedback ပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ ကိုယ်တိုင်လည်း နေ့တိုင်း သုံးရင်း လိုအပ်တာလေးတွေ၊ အသစ်ထည့်မယ့် Feature တွေကို ဆက်ပြီး Update လုပ်သွားပါမယ်။ မြန်မာစာ typing စလေ့ကျင့်ချင်သူတွေ၊ Windows မြန်မာလက်ကွက်ကို စနစ်တကျနဲ့ ပိုမြန်မြန် ရိုက်ချင်သူတွေ စမ်းသုံးကြည့်ပြီး Feedback လေးတွေ ဆက်ဝေမျှပေးကြပါဦးဗျာ!
- Website: myantyper.com
- GitHub: github.com/PhilixTheExplorer/myantyper